သိမ်းဆည်းထားသည့်မော်ကွန်းအုပ်စုများ

  • မော်ကွန်းအုပ်စု(၁)    လွတ်လပ်ရေးမရမီခေတ်မော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂)    ဒုတိယကမ္ဘာစစ်ကာလမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၃)    လွတ်လပ်ရေးရပြီးခေတ်မော်ကွန်းများ
  • မော်ကွန်းအုပ်စု(၄)    တော်လှန်ရေးကောင်စီမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၅)    တော်လှန်ရေးအစိုးရအဖွဲ့မော်ကွန်းများ
  • မော်ကွန်းအုပ်စု(၆)    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၇)    ပြည်သူ့လွှတ်တော်မော်ကွန်းများ
  • မော်ကွန်းအုပ်စု(၈)    နိုင်ငံတော်ကောင်စီမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၉)    စာချုပ်စာတမ်းစာချွန်လွှာများ
  • မော်ကွန်းအုပ်စု(၁၀)    ပြည်ထဲရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၁)    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၂)    ဝန်ကြီးချုပ်ရုံးမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၃)    ပို့ဆောင်ရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၄)    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၅)    နိုင်ငံခြားရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၆)    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီရုံး၏နေ့စဉ်မှတ်တမ်းများ
  • မော်ကွန်းအုပ်စု(၁၇)    ယဉ်ကျေးမှုဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၈)    ပညာရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၁၉)    ဆောက်လုပ်ရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၀)    အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၁)    အမျိုးသားညီလာခံမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၂)    နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၃)    ပြန်ကြားရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၄)    စွမ်းအင်ဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၅)    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၆)    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၇)    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၈)    ရှေ့နေချုပ်ရုံးမော်ကွန်းများ
  • မော်ကွန်းအုပ်စု(၂၉)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမော်ကွန်းများ

national_archive_collections

စာတွဲအသွင်မော်ကွန်းများ

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် သိမ်းဆည်းထားရှိသောမော်ကွန်းများအနက် အောက်မြန်မာပြည်ဗြိတိသျှတို့၏ စီမံခန့်ခွဲမှုတည်ဆောက်ရေးစာတွဲများ၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးချက်ဆိုင်ရာစာတွဲများ၊ ဗြိတိသျှအစိုးရနှင့် မြန်မာမင်းတို့အကြား သံတမန်ဆက်သွယ်ရေးကိစ္စများ၊ ဗြိတိသျှခေတ်မြန်မာပြည်၏ စီးပွားရေးအခြေအနေပြစာတွဲများ၊ မြင်းကွန်း-မြင်းခုန်တိုင်အရေးတော်ပုံစာတွဲများ၊ တိုင်းရင်းသားတို့နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုစာတွဲများ၊ ၁၃၀၀ပြည့် အရေးတော်ပုံနှင့် သက်ဆိုင်သောစာတွဲများကိုလွတ်လပ်ရေးမရမီခေတ် မော်ကွန်းများအဖြစ် သိမ်းဆည်းထားပါသည်။

၁၉၀၃ခုနှစ်မှစတင်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏မော်ကွန်းများတွင် တိုင်းမင်းကြီးများနှင့် ခရိုင်ဝန်တို့ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေအစီရင်ခံစာများ၊ ဂျပန်ခေတ် ဒေါက်တာဘမော် ခေါင်းဆောင်သောဗမာနိုင်ငံတော်အစိုးရဝန်ကြီးအဖွဲ့ အစည်းအဝေးမှတ်တမ်းများနှင့် ဒုတိယကမ္ဘာစစ်ကာလမော်ကွန်းများတွင် စစ်ဘက်ဆိုင်ရာမှတ်တမ်းများပါဝင်ပါသည်။ လွတ်လပ်ရေးရပြီး ခေတ်တွင် တိုင်းနှင့်ပြည်နယ်များမှ မှတ်တမ်းများ၊ တော်လှန်ရေးကောင်စီအစည်းအဝေးမှတ်တမ်းများ၊ ဥပဒေများ၊ အမိန့်ကြော်ငြာချက်များ၊ မိန့်ခွန်းများ၊ အစီရင်ခံစာများ၊ ခေတ်ပြောင်းတော်လှန်ရေးကာလ၏ စီးပွားရေး၊ လူမှုရေးစီမံခန့်ခွဲရေးဆိုင်ရာဆောင်ရွက်ချက်များ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ တောင်သူလယ်သမားအစည်းအရုံး၊ အလုပ်သမား အစည်းအရုံး တို့နှင့် ပတ်သက်သည့် မှတ်တမ်းများပါဝင်သည်။ ၁၉၇၄ခုနှစ်မှ စတင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အစည်းအဝေးမှတ်တမ်းများကိုမှတ်တမ်းအဖြစ် သိမ်းဆည်းထား ပါသည်။

အုပ်ချုပ်ရေးသမိုင်းအထောက်အထားများဖြစ်သည့်ဝန်ကြီးချုပ်ရုံး၏ အစည်းအဝေးမှတ်တမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံရရှိသည့် ပြည်ပနိုင်ငံများနှင့် ဆက်သွယ်သည့် အကြောင်းကိစ္စများ၊ နိုင်ငံခြားစရိတ်ဥပဒေနှင့် ခံစားရပိုင်ခွင့်များ၊ နိုင်ငံခြားတိုင်းပြည်များနှင့် ကောင်စစ်ဝန်ရုံး၊ သံရုံးများ ထားရှိရေးကိစ္စများ၊ နယ်နိမိတ်စာချုပ် ချုပ်ဆိုရေးကိစ္စများနှင့် အစီရင်ခံစာများကိုမော်ကွန်းအဖြစ် သိမ်းဆည်းထားပါသည်။

၁၉၈၈ခုနှစ် နောက်ပိုင်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တို့တွင် ထုတ်ပြန်ထားသောဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာအစည်းအဝေးမှတ်တမ်းများ၊ အစီရင်ခံစာများ၊ နယ်စပ်ဒေသရှိတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုမှတ်တမ်းအဖြစ် သိမ်းဆည်းထားပါသည်။

၂၀၁၁ခုနှစ်၊ မတ်လ ၃၁ရက်နေ့မှစတင်၍ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေများအပြင် အမိန့်များ၊ ဥပဒေ/ နည်းဥပဒေများပြင်ဆင်ချက်ဥပဒေများလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ ပုံမှန်အစည်းအဝေးနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို မှတ်တမ်းအဖြစ် သိမ်းဆည်းထားရှိပါသည်။

စာချုပ်စာတမ်းများ

မော်ကွန်း/မှတ်တမ်းစာတွဲများအပြင် လွတ်လပ်ရေးအရယူရန်အတွက် လက်မှတ်ရေးထိုးခဲ့သော စာချုပ်စာတမ်းများ၊ ပြည်ပနိုင်ငံများနှင့် သံတမန်ဆက်သွယ်ထူထောင်ခြင်းဆိုင်ရာကြေညာချက်များ၊ နိုင်ငံအချင်းချင်းအကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပချုပ်ဆိုသောစာချုပ်စာတမ်း/ စာချွန်လွှာ ၂၅၀၀ခန့်တို့ကို နိုင်ငံတော် ၏သမိုင်းစာမျက်နှာတွင် အထင်ကရမှတ်တမ်းများအဖြစ် စနစ်တကျ ထိန်းသိမ်းထားပါသည်။

စာအုပ်စာတမ်းများ

national_archive_collection01

စာအုပ်စာတမ်းများကိုပုံနှိပ်မော်ကွန်းများအသွင်ဖြင့် ထိန်းသိမ်းထားရှိရာတွင် ၁၈၆၈ခုနှစ် (British Burma Gazette)၁၈၈၇ခုနှစ် (The Burma Gazette) နှင့် ၁၉၅၂ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ ပြန်တမ်းများ၊ ၁၉၁၂ခုနှစ်မှ ၁၉၄၈ခုနှစ်အထိ (Civil List)၊ တစ်နှစ်တစ်ကြိမ်ထုတ် မြန်မာနိုင်ငံ အစိုးရ အရာရှိများစာရင်း (၁၉၅၀-၁၉၆၂)၊ ၁၉၄၇ခုနှစ်မှ ၁၉၆၁ခုနှစ်အထိမြန်မာနိုင်ငံတိုင်းပြည်ပြုလွှတ်တော်၊ တိုင်းပြည်ပြုလွှတ်တော်ပါလီမန်ညီလာခံ၊ ပါလီမန်ပြည်သူ့လွှတ်တော်မှတ်တမ်းများ၊ ၁၉၇၄ခုနှစ်မှ ၁၉၈၇ခုနှစ်အထိပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်မှတ်တမ်းများ၊ (၁၈၆၃-၁၈၆၄)ခုနှစ်မှ (၁၉၃၄-၁၉၃၅)ခုနှစ်အထိ (Report on the Administration of Burma) စာအုပ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ ထုတ်ပြန်သောစာအုပ်များနှင့် ၁၉၅၈ခုနှစ်မှ ယနေ့အချိန် ကာလအထိထုတ်ဝေခဲ့သောသတင်းစာများကိုရည်ညွှန်းကိုးကားအသုံးပြုနိုင်ရန် ထိန်းသိမ်းထားပါသည်။

စက္ကူမဟုတ်မှတ်တမ်း/မော်ကွန်းများ

မိုက်ကရိုဖလင်များ၊ မိုက်ကရိုဖစ်(ချ်)များ၊ ကက်ဆက်တိပ်ခွေများ၊ အသံသွင်းကြိုးခွေများ၊ နှုတ်ပြောသမိုင်း (Oral History)၊ ဗွီဒီယိုခွေများ၊ စီဒီများ၊ ဓာတ်ပြားများ၊ ဆလိုက်ဖလင်များ၊ ရုပ်ရှင် ဖလင်များနှင့် ဓာတ်ပုံများကိုစက္ကူမဟုတ်မှတ်တမ်းများအဖြစ်ထိန်းသိမ်းထားပါသည်။