MEB Logo

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့စီးပွားရေးဘဏ်

 

သမိုင်းအကျဉ်း 

မြန်မာ့စီးပွားရေးဘဏ်သည် (၁၁.၈.၁၉၅၄)ရက်နေ့တွင် တည်ထောင်ခဲ့သည့် ယခင်နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်(SCB)၏ ပြည်တွင်းဘဏ်လုပ်ငန်းအားလုံးကို ဆက်ခံခဲ့ပြီး (၂၃.၂.၁၉၆၃)ရက်နေ့တွင် ဘဏ်များပြည်သူပိုင်ပြုလုပ်ခဲ့ပြီး ပြည်သူ့ဘဏ်များအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ (၁.၁၁.၁၉၆၉) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး၊ ၁၉၇၅ခုနှစ် ဘဏ်ဥပဒေအရ (၁.၄.၁၉၇၆)ရက်နေ့မှ မြန်မာ့စီးပွားရေးဘဏ် စတင်တည်ထောင်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ မြန်မာ့စီးပွားရေးဘဏ်ကို ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် ဈေးကွက်စီးပွားရေးစနစ်နှင့်လိုက်လျောညီထွေသည့် အမျိုးမျိုးသော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)ဌာနကြီးများနှင့် နေပြည်တော်ဘဏ်အဆောက်အအုံကို (၂၁.၁၀.၂၀၀၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ယနေ့တိုင် ဘဏ်လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

မျှော်မှန်းချက်

နိုင်ငံတော်အတွင်း ဘဏ္ဍာငွေအရင်းအမြစ်များကို တည်ဆဲဘဏ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်စုစည်းပြီး စီးပွားရေးကဏ္ဍအသီးသီးတို့အတွက် ချေးငွေများပံ့ပိုးပေးခြင်း၊ ဘဏ်ဝန်ဆောင်မှုပေးခြင်းတို့ဖြင့် နိုင်ငံတော်၏ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့်စီးပွားရေးမူဝါဒကို ထိရောက်စွာ အထောက်အကူပြုရန်ဖြစ်ပါသည်။

မူဝါဒ

မြန်မာ့စီးပွားရေးဘဏ်အပေါ် ပြည်သူများ၏ခိုင်မာသောယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဆိုင်ရာဘဏ်ဝန်ဆောင်မှု၊ ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့်   ဖွံ့ဖြိုးရေး/ချေးငွေလုပ်ငန်းများကို ဟန်ချက်ညီစွာဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာတိုးမြှင့်အသုံးပြုပြီး နိုင်ငံတကာဘဏ်လုပ်ငန်းစံနှုန်းများနှင့်အညီ ဘဏ်ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရန်၊ ငွေရေးကြေးရေးဝန်ဆောင်မှုများကို ပြည်သူအကြား ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်ဆောင်ရွက်ပေးရန်ဟူ၍ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ရည်မှန်းချက်

နိုင်ငံတော်၏အမျိုးသားစီးပွားရေးစီမံချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခေတ်မီနည်းပညာအသုံးပြုလျက် ပြည်သူဗဟိုပြု ငွေကြေးဝန်ဆောင်မှုများဖြင့် ထိရောက်စွာပံ့ပိုးဆောင်ရွက်ရန်၊ နိုင်ငံတော်အစိုးရမူဝါဒများ အောင်မြင်ရေးအတွက် ငွေရေးကြေးရေးကဏ္ဍမှ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ငွေရေးကြေးရေးဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် ဝင်ငွေတိုးမြှင့်ရှာဖွေရန်၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရန်ဟူသော ရည်မှန်းချက်များ ထားရှိဆောင်ရွက်လျက်ရှိပါသည်။

 

ယနေ့မြန်မာ့စီးပွားရေးဘဏ်

မြန်မာ့စီးပွားရေးဘဏ်သည် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင်ရှိပြီး ရုံးချုပ်ဌာနခွဲကြီး (၇) ခု၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး (၁၄) ခုနှင့် ဘဏ်ခွဲပေါင်း (၃၁၅) ဘဏ်ပါဝင်သည့် ကွန်ယက်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းဝန်ဆောင်မှုများ အဓိကထားဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ့စီးပွားရေးဘဏ်သည် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီး နိုင်ငံတော်နှင့်ပုဂ္ဂလိကကဏ္ဍ(၂)ရပ်စလုံးသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့စီးပွားရေးဘဏ်သည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးလျက်ရှိပါသည်-

  • အပ်ငွေများလက်ခံခြင်း၊ ချေးငွေများ ထုတ်ချေးခြင်း။
  • နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းများ ထိန်းသိမ်းခြင်း။
  • အငြိမ်းစားယူသော နိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာထုတ်ပေးခြင်း။
  • E-Pension စနစ်ဖြင့် အငြိမ်းစားပင်စင်လစာများထုတ်ပေးခြင်း။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုယ်စား ငွေကြေးသေတ္တာများ ထိန်းသိမ်းခြင်း။
  • မလေးရှားနိုင်ငံ May Bank ၊ ထိုင်းနိုင်ငံ Krung Thai Bank နှင့်ချိတ်ဆက်၍ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း ။
  • တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဝန်ဆောင်မှု ပေးခြင်း။
  • နိုင်ငံခြားအဆက်အသွယ်ဘဏ်များ ထူထောင်ပြီး နိုင်ငံခြားငွေလုပ်ငန်း လုပ်ဆောင်ခြင်း။
  • လုံခြုံမှုအတွက် သိမ်းဆည်းရန်အပ်နှံထားသောပစ္စည်းများ၊ စာရွက်စာတမ်းများလက်ခံခြင်း။
  • လုပ်ငန်းဆောင်ရွက်မှုများအတွက် အာမခံထုတ်ပေးခြင်း။
  • နိုင်ငံတော်၏ပေါ်လစီအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများသို့ ချေးငွေထုတ်ချေးခြင်း။
  • Two-Step Loan အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေများ ထုတ်ချေးခြင်း။
  • ငွေစုဘဏ်အပ်နှံ​ငွေများကို ငွေလွှဲစနစ်ဖြင့်ထုတ်ပေးခြင်း
  • Online ဖြင့် ပြည်တွင်းငွေလွှဲလုပ်ငန်းဆောင်ရွက်ပေးခြင်း။
  • Online မှတစ်ဆင့် မြန်မာနိုင်ငံကူးလက်မှတ်ကောက်ခံပေးခြင်း၊ တယ်လီဖုန်းဘီလ်ကောက်ခံ​ပေးခြင်း။
  • ATM Card အသုံးပြု၍ ATM စက်များတွင် ငွေထုတ်​​ပေးခြင်း။
  • မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွင် Agent အဖြစ် ငွေသားလက်ခံခြင်း၊ ထုတ်ပေးခြင်း၊ ဖုန်းပြောခငွေဖြည့်တင်းပေးခြင်း၊ ပင်စင်လစာထုတ်ပေးခြင်း။