မှတ်တမ်းစီမံခန့်ခွဲမှုနှင့်မော်ကွန်းပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်ရုံးချုပ်)၌ မှတ်တမ်းစီမံခန့်ခွဲမှုနှင့်မော်ကွန်းပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၂/၂၀၁၈)ကြိမ်မြောက် သင်တန်းဖွင့်ပွဲကို ၁၀-၁၂-၂၀၁၈(တနင်္လာနေ့) နံနက်(၉း၀၀)နာရီက အဆိုပါဦးစီးဌာန၏ သင်တန်းခန်းမ၌ ကျင်းပသည်။

               သင်တန်းဖွင့်ပွဲသို့ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ ညွှန်ကြားရေး မှူးချုပ် ဦးဆန်းမြင့် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် သင်တန်း ဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် အစိုးရဌာနများ၊ ဦးစီးဌာန/လုပ်ငန်း/အဖွဲ့အစည်းများတွင် မှတ်တမ်းစီမံခန့်ခွဲရာ၌ မှန်ကန်စေရေးအတွက် လိုအပ် သောအကြံဉာဏ်များဖြင့် အကူအညီများပေးရန်၊ ခေတ်အဆက်ဆက် အစိုးရ၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သော မှတ်တမ်းများ ရေရှည်တည်တံ့စေရန်နှင့်ဆုံးရှုံးမှုမရှိစေ ရန် ရည်ရွယ်ပါကြောင်း၊ မှတ်တမ်းစီမံခန့်ခွဲခြင်းကို မြန်မာနိုင်ငံတွင် ရှေးဘုရင်လက်ထက်မှစ၍ ခေတ်အဆက်ဆက်၌ ပုံစံအမျိုးမျိုးဖြင့် မှတ်တမ်းတင်ခဲ့ကြောင်း၊ မှတ်တမ်းများကိုလည်း ပိဋကတ်တိုက်၊ဗြဲတိုက်၊ဘုန်းတော်ကြီးကျောင်းများတွင် မှတ်တမ်းစာရင်းသွင်းခြင်းနှင့် ထိန်းသိမ်း ခြင်းကို ရာထူးတစ်နေရာအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါမှတ်တမ်းများ ထိန်းသိမ်း ထားရှိခြင်းကြောင့် မိမိတို့ နောင်လာနောက်သားများအနေဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ပုံစနစ်တို့ကို သိရှိခွင့် ရရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် အမျိုးသား မော်ကွန်းတိုက်အား တည်ထောင်ရန် ရည်ရွယ်ထားရှိသော်လည်း မအောင်မြင်ခဲ့ကြောင်း၊၁၉၇၂ ခုနှစ် အုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်ရေး အစီအစဉ်အရ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တည်ထောင်ဖို့ ဖွဲ့စည်းပုံ ရေးဆွဲပြီး စီမံ/ ဘဏ္ဍာဝန်ကြီးဌာနလက်အောက်မှာ ဦးစီးဌာနအဖြစ် တည်ထောင်ခွင့်ရရှိခဲ့ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအုပ်ချုပ်မှုရေးစနစ်သစ်ဖော်ထုတ်ရေး၊ စာအုပ်ကြီး (၂၇) အစိုးရ၏ လုပ်ကိုင်ပုံနည်းစနစ် များနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးလုပ်ငန်းလက်စွဲ ၂၀၁၁ ခုနှစ် စာအုပ်များတွင်လည်း မှတ်တမ်းထိန်းသိမ်းသည့် နည်းစနစ်များနှင့် ထာဝစဉ် ထိန်းသိမ်းရမည့် မှတ်တမ်းများကို အစိုးရမော်ကွန်းတိုက်သို့ ပေးပို့ ရမည်ဟု ပြဌာန်းထားပါကြောင်း၊ ဤဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေအရလည်း သတ်မှတ် ကာလပြည့်မြောက်ပါက အသုံးပြုဆဲ မဟုတ်တော့သည်  မှတ်တမ်းများကို လွှဲပြောင်းပေးစေ လိုပါ ကြောင်း၊ အမျိုးသားမော်ကွန်းတိုက်ကလည်း လွှဲပြောင်းပေးသည့် အထောက်အထားများကို အစိုးရ ဌာနအသီးသီးက ပြန်လည် ရည်ညွှန်းကိုးကားရန် လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် သင်တန်းသားများအနေဖြင့်လည်း စာတွေ့၊ လက်တွေ့ သင်ကြား လေ့လာပြီး မိမိတို့ဌာနများ၌ ပြန်လည်အသုံးချသွားစေလိုပါကြောင်းကို ပြောကြားပါသည်။

        သင်တန်းဖွင့်ပွဲသို့ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) နှင့် အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာနမှ အရာထမ်းများ၊ သင်တန်းနည်းပြများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ပြည်ထောင်စုဝန်ကြီးဌာနများမှ ဦးစီးဌာန/လုပ်ငန်း/အဖွဲ့ အစည်းများမှ သင်တန်းသား/သူ(၄၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ တစ်ပတ်ဖြစ်ကြောင်း သိရသည်။

 

,