စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၁၈-၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၄/၂၀၁၈-၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၇-၂-၂၀၁၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အစဉ်ကြိုးစားအားထုတ်ရန်၊ ခေါင်းဆောင်ကောင်း တစ်ယောက်၏ အင်္ဂါရပ်နှင့်အညီပြုမူ ဆောင်ရွက်ရန်၊ ကိုယ်ကျင့်သီလ ကောင်းမွန်စွာဖြင့် မိမိကိုယ်ကို စောင့်ထိန်း၍ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို သယ်ပိုးထမ်းရွက်ရန်၊ ပေးအပ်သည့် တာဝန်များနှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ မိမိဌာနနှင့်သက်ဆိုင်သည့် ပညာရပ်များကို အမြဲဆည်းပူးလေ့လာရန်နှင့် သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များကို အလေးအနက်ထား လေ့လာဆည်းပူးပြီး အကျိုးရှိစွာ အသုံးချရန်တို့ကို မှာကြားခဲ့ပါသည်။ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းမှာ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ အရာထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပို့ချသည့် စတုတ္ထ အကြိမ်မြောက် သင်တန်းဖြစ်ကြောင်း သိရပါသည်။ သင်တန်းသို့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်း (၉၀) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၈) ရက်ကြာမြင့်မည် ဖြစ်သည်။ သင်တန်းတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) ၊ စီမံကိန်းရေးဆွဲခြင်း အကောင်အထည်ဖော်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း၊ ဒေသအလိုက် စီမံကိန်းရေးဆွဲခြင်း၊ လုပ်ငန်းစီမံကိန်းများရွေးချယ်ခြင်းနှင့်စိစစ်ခြင်း၊ စောင့်ကြည့် ကြပ်မတ်ခြင်းနှင့်အကဲဖြတ်ခြင်း (M&E) ၊ 2008 SNA အရ Supply & Use Table တို့အပေါ် အခြေခံ၍ ကဏ္ဍအလိုက် ပြောင်းလဲတွက်ချက်မှု ၊ Multidimensional Welfare Analysis စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့လာခြင်းများကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သူများက သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)
, ,