မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးအဆင့်မြင့်ဖိုရမ် (Realizing Myanmar’s Development Vision for Every Child) ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့နှင့်ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF)တို့ ပူးပေါင်းဆောင်ရွက်သည့်“မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး”ဆိုင်ရာအဆင့်မြင့်ဖိုရမ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့၊ နေ့လည်(၀၂:၀၀)နာရီတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပပြုခဲ့လုပ်ရာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှအဖွင့်အမှာစကားပြောကြားရာတွင်ကလေးများသည် မိမိတို့နိုင်ငံ၏အနာဂတ်ဖြစ်ပါကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် ကလေးသူငယ်များရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်မီရေးအတွက်အလေးပေးဆောင်ရွက်ရန် အများကြီးလိုအပ်ပါကြောင်း၊ ကလေးသူငယ်များ၏ဘဝအစဖွံ့ဖြိုးမှုကိုဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံတော်အတွက် အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံးအရင်းအမြစ်ဖြစ်သည့် လူသားအရင်းအမြစ်ကိုကောင်းစွာတန်ဖိုးရှိအောင်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာရောက်ပါကြောင်း၊ တစ်နည်းအားဖြင့် ထိုသို့ဆောင်ရွက်မှုများသည် သုံးဖြုန်းခြင်းမျိုးမဟုတ်ဘဲအနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း၊မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာကိုလည်းလက်တွေ့ကျကျရေးဆွဲခဲ့ပြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်သူများသို့မိတ်ဆက်ဖြန့်ချိပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကိုအောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် မိဘများ၊ ဆရာ/ဆရာမများသာမကသက်ဆိုင်ရာဌာနစုံများကပေါင်းစပ်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊

ဒုတိယအချက်အနေဖြင့် ယခုဖိုရမ်တွင်ကဏ္ဍဆိုင်ရာစီမံချက်များကိုပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန်၊ အချိန်နှင့်တစ်ပြေးညီဦးစားပေးလုပ်ငန်းစီမံချက်များခွဲခြမ်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးရန်အတွက် အချိန်ကောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်းရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် Sustainable Development Goals(SDGs)ကိုအကောင်အထည်ဖော် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan -MSDP)ကိုလွန်ခဲ့သည့် လအနည်းငယ်မှ အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊MSDP တွင်မဏ္ဍိုင်ကြီး ၃ ရပ်၊ ပန်းတိုင် ၅ ခု၊ မဟာဗျူဟာ ၂၈ ခုနှင့် အဆိုပါ မဟာဗျူဟာတစ်ခုချင်းစီအောက်တွင်စီမံကိန်းအကောင်အထည်ဖော်ရေးအစီအစဉ်များဖော်ထုတ်သတ်မှတ်ထားပြီးလုပ်ငန်းစဉ်ပေါင်း ၂၅၁ ခုပါဝင် ရေးဆွဲထားပါကြောင်း၊ MSDP လုပ်ငန်းစဉ်များသည် ရှင်သန်အသက်ဝင်နေသောပြုစုစာတမ်း Living Document တစ်ခုအဖြစ် ပုံဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

MSDPကိုရေးဆွဲရာတွင်လည်းကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊ မြန်မာနိုင်ငံ၏စီးပွားရေးမူဝါဒ(၁၂)ချက်၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ မဟာမဲခေါင်ဒေသခွဲမဟာဗျူဟာမူဘောင်အပါအဝင်နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသည့်အမျိုးမျိုးသောဒေသတွင်းနှင့်နိုင်ငံတကာကတိကဝတ်များကိုအကောင်အထည်ဖော်နိုင်စေရန် ချိန်ညှိရေးဆွဲခဲ့ပါကြောင်း၊နိုင်ငံ၏လိုအပ်ချက်အပေါ်မူတည်၍ရေရှည်ဖွံ့ဖြိုးမှုအတွက် ဦးစားပေးဆောင်ရွက်မှုများနှင့်အတူနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ MSDP ၏ “မဏ္ဍိုင်(၃)ပြည်သူများနှင့် ကမ္ဘာမြေ”ဆိုသည့် မဏ္ဍိုင်အောက်တွင် ပါရှိသည့် ပန်းတိုင်(၄) “၂၁ ရာစုလူမှုအဖွဲ့အစည်းအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး”အဖြစ် ရည်မှန်းချက်ပန်းတိုင်ကိုပြဋ္ဌာန်းထားပါကြောင်း၊အဆိုပါပန်းတိုင်သို့ရောက်ရှိရန် မဟာဗျူဟာများချမှတ်ထားရာတွင်လည်းကလေးတိုင်းကိုနိုင်ငံ၏အနာဂတ်အတွက် တန်ဖိုးမြင့်မားသည့် လူသားအရင်းအမြစ်များဖြစ်လာစေရန်အတွက် ပညာရေးနှင့်ကျန်းမာရေးကဲ့သို့သောလူမှုရေးဝန်ဆောင်မှုကဏ္ဍများအရည်အသွေးမြင့်မားစေရေး၊ အစားအစာနှင့် အာဟာရအရည်အသွေးမြင့်မားစေရေးဆိုင်ရာမဟာဗျူဟာလုပ်ငန်းစဉ်များကိုဦးစားပေးဆောင်ရွက်ရန် ရှိပါကြောင်း၊

ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများစွမ်းဆောင်ရည်ရှိရှိနှင့်ထိထိမိမိအကောင်အထည်ဖော်နိုင်ရန်အတွက် စီမံချက်များကိုစီမံကိန်းဘဏ်(Project Bank)တွင် ထည့်သွင်းဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ပညာရေး၊ ကျန်းမာရေး၊ လူမှုအကာအကွယ်ပေးရေးတို့နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနအသီးသီး၏လူမှုရေးကဏ္ဍ (၅)နှစ် မဟာဗျူဟာစီမံကိန်းအသီးသီးကို ၂၀၁၆ခုနှစ်ကတည်းကစတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ (၂)နှစ်တာအချိန်အတွင်းမိမိတို့၏အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုပြန်လည်သုံးသပ်ပြီးအချိန်နှင့်တစ်ပြေးညီဦးစားပေးလုပ်ငန်းစီမံချက်များကိုခွဲခြမ်းဆောင်ရွက်နိုင်ရေးအတွက် ယခုဖိုရမ်တွင် လူမှုရေးမဏ္ဍိုင် အနေဖြင့် ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း၊

MSDP နှင့် စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍများအလိုက် ဆက်စပ်စီမံကိန်းများကိုစီမံချက်များအဖြစ် အကောင်အထည်ဖော်ရာတွင် “မည်သူမှကျန်နေခဲ့ခြင်းမရှိစေရ” ဆိုသည့် SDGs စည်းမျဉ်း၊ လုပ်ငန်းစဉ်များနှင့်အညီမြန်မာနိုင်ငံရှိကလေးများအားလုံးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည့်နယ်ပယ်များကိုသတ်မှတ်ဖော်ထုတ်ကြရန် လိုအပ်ကြောင်း၊ တတိယအချက်အနေဖြင့် MSDP ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ သာယာဝပြောမှုနှင့်ပူးပေါင်းဆောင်ရွက်မှု၊ လူသားများနှင့် ကမ္ဘာမြေစသည့် မဏ္ဍိုင်(၃)ရပ်လုံးအပြန်အလှန်ညီညွတ်မျှတစွာနှင့် ဆက်စပ်အကျိုးပြုလျက်ရှိသောကြောင့် ၄င်းမဏ္ဍိုင်(၃)ရပ်လုံး၏ ပန်းတိုင်များ၊ မဟာဗျူဟာများကိုအကောင်အထည်ဖော်သည့်အခါ ဝန်ကြီးဌာနတစ်ခုမကပေါင်းစပ်အကောင်အထည်ဖော်ရသည့် ကိစ္စမျိုးများတွင်ထိရောက်စွာပူးပေါင်းဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊

ယနေ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင်ဆောင်ရွက်နေသည့် Invest Myanmar Summit မှလည်းစီးပွားရေးမဏ္ဍိုင်မှ စီမံချက်များကိုစီမံကိန်းဘဏ်တွင် ထည့်သွင်းဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍတွေနှင့်ဆွေးနွေးနေကြပါကြောင်း၊စီမံချက်များကိုအကောင်အထည်ဖော်ရာတွင်နိုင်ငံတော်ဘတ်ဂျက်၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအကူအညီများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆိုင်ရာငွေတိုက်စာချုပ်များဖြင့် သစ်ဆန်းသောဘဏ္ဍာရန်ပုံငွေရှာနည်းစီမံကိန်းများကိုတီထွင်ဖန်တီးနိုင်ရန်လည်းလိုအပ်ပါကြောင်း၊ MSDP၏မဏ္ဍိုင်များအကြားတွင်ညီညွတ်မျှတပြီးခိုင်မာအားကောင်းစေရန် ကြိုးပမ်းကြရမှာဖြစ်ပါကြောင်း၊မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကိုထိထိရောက်ရောက် အကောင်အထည်ဖော်ရာတွင်ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုများနှင့် ကတိကဝတ်များသည်မရှိမဖြစ် လိုအပ်ချက်များဖြစ်ပြီးလွန်စွာအရေးကြီးပါကြောင်း၊

စတုတ္ထအချက်ဖြစ်သည့်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံချက်လုပ်ငန်းစဉ်များနှင့် အချိန်ကာလများသည် အစီအစဉ်တကျဖြစ်ရန် လိုအပ်လျက်ရှိပါကြောင်း၊ကဏ္ဍဆိုင်ရာစီမံကိန်းနှင့်ဒေသန္တရစီမံကိန်းများရေးဆွဲသည့်အခါ စီမံချက်များသည် လိုအပ်ချက်တစ်ခုတည်းကိုသာစဉ်းစားဆောင်ရွက်ခြင်းမဟုတ်ဘဲအကောင်အထည်ဖော်ရန် ဖြစ်နိုင်ချေရှိသည့်လက်တွေ့ကျသည့် စီမံချက်တွေ(Implementable)ဖြစ်ရန် လိုအပ်ပါကြောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် နှစ်စဉ်စီမံကိန်းများအချိတ်အဆက်မိမိထည့်သွင်းရန်အတွက် ဆက်စပ်စဉ်းစားဆောင်ရွက်ကြရန် အလွန်ပင်အရေးကြီးပါကြောင်း၊

ပဉ္စမအချက်ဖြစ်သည့် စီမံချက်များကိုအကောင်အထည်ဖော်သည့် အခါစောင့်ကြပ်ကြည့်ရှုအကဲဖြတ်ခြင်းအခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အစဉ်အလာအရစီမံချက်များသည် အကောင်အထည်ဖော်ရုံနှင့်မပြီးဘဲအကျိုးကျေးဇူးရှိသည့်အတိုင်းအတာနှင့် ငွေကြေးကုန်ကျခံ၍ရင်းနှီးမြှုပ်နှံရကျိုးနပ်ရန်လိုအပ်ပါကြောင်း၊စီမံကိန်းရေးဆွဲစဉ်ကတည်းကမှန်ကန်သည့် စာရင်းအင်းနှင့် ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ရေးဆွဲမှသာလက်တွေ့ကျပြီးလူထုကိုအကျိုးပြုစေသည့် စီမံကိန်းများဖြစ်လာမည်ဖြစ်ပါကြောင်း၊ MSDP ကိုအကောင်အထည်ဖော်ဆောင်ရာတွင်ကဏ္ဍအသီးသီးအတွက် တိုင်းတာနိုင်ရန် “အမျိုးသားညွှန်းကိန်းမူဘောင်” သတ်မှတ်၍ တိုင်းတာမှာဖြစ်ပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ အနေဖြင့်အမျိုးသားညွှန်းကိန်းမူဘောင်သတ်မှတ်ရေးကိစ္စရပ်များကိုဌာနအဖွဲ့အစည်းပေါင်း(၁၀၀)ကျော်နှင့်ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်ခဲ့ပြီး ညွှန်းကိန်းပေါင်း(၃၀၀)နီးပါးရှိပါကြောင်း၊အမျိုးသားညွှန်းကိန်းမူဘောင်စီမံကိန်းရေးဆွဲခြင်း၊ ကဏ္ဍများအကြားဘတ်ဂျက်ခွဲဝေမှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီမံချက်များဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်းတို့အတွက် အချက်အလက်များပံ့ပိုးပေးနိုင်မှာဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ ကလေးတိုင်းအတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာအဆင့်မြင့်ဖိုရမ်”တွင်မြန်မာ့ကလေးသူငယ်များ၏ အနာဂတ်ကိုကဏ္ဍပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံမှ လေ့လာသုံးသပ်ဆွေးနွေးမှုများပြုလုပ်ပြီးကလေးသူငယ် သေဆုံးမှုလျော့ပါးရေး၊ ကလေးသူငယ်များ၏မွေးဖွားမှုမှတ်ပုံတင်ထုတ်ပေးနိုင်ရေး၊ ကျန်းမာပြီးဘဝနွေးထွေးလုံခြုံမှုရှိစေရေး၊ ပညာသင်ကြားခွင့် သာတူညီမျှရရှိစေရေး၊ ကျောင်းနေသက်တမ်းပိုမိုတိုးမြှင့်စေနိုင်ရေး၊ အရွယ်မရောက်သေးသူများအားစစ်မှုထမ်းခြင်းမှကာကွယ် တားဆီးရေး၊ ကလေးသူငယ်များကိုလူကုန်ကူးမှုမှ အကာအကွယ်ပေးရေး၊ ကလေးများအနာဂတ်ဘဝလုံခြုံရေးနှင့်သာယာဝပြောမှုရှိစေရေးတို့အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးတွင်အားလုံးပါဝင်ပြီးကဏ္ဍတစ်ခုချင်းစီ၏ အားနည်းချက်များကိုအတူတကွဖြေရှင်းကြပြီးအားသာချက်ကိုပေါင်းစပ်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊

လက်ရှိ UNICEF ၏နိုင်ငံဆိုင်ရာလုပ်ငန်းစဉ်အရကျန်းမာရေးနှင့် အာဟာရ၊ ရေနှင့်သန့်ရှင်းရေး၊တစ်ကိုယ်ရေသန့်ရှင်းမှု၊ပညာရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုရေးမူဝါဒနှင့်ကလေးသူငယ်အခွင့်အရေးစောင့်ကြပ်ကြည့်ရှုရေးစသည့် နယ်ပယ်များတွင်ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါကြောင်း၊ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအားအာဟာရအတွက် ငွေကြေးထောက်ပံ့သည့်အစီအစဉ်၊ ကျောင်းများတွင်တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာအစီအစဉ်၊ ကလေးမွေးဖွားမှုမှတ်ပုံတင်ခြင်းအစရှိသည့် လုပ်ငန်းစဉ်များတွင် တိုးတက်မှုများကိုတွေ့ရှိနေရပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန့်နှံ့ထိရောက်စွာဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊

မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာစောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) တို့အကြားပူးပေါင်းဆောင်ရွက်နေသည့် အရွယ်မရောက်သေးသူများအားစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကိစ္စတွင်UNICEFသည်ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အရွယ်မရောက်သေးသောသူများအားစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး၊ စုဆောင်းခံခဲ့ရသူများအားနှုတ်ထွက်ခွင့်ရရှိရေး၊ နှုတ်ထွက်ခွင့်ရရှိပြီးသူများအားလူမှုအသိုက်အဝန်းအတွင်းပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် UNICEF မှကူညီဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကလေးသူငယ်များဖွံ့ဖြိုးမှုအတွက် ၂၀၁၆ ခုနှစ်တွင် “မြန်မာ့ကလေးများဖွံ့ဖြိုးဖို့ မျှော်မှန်းချက်သစ်နှင့် ရလဒ်သစ်များဖြင့် အားထုတ်စို့” ဆောင်ပုဒ်နှင့်ကျင်းပခဲ့သည့်၊ 1st High Level Conference on “New Vision, New Results for Children in Myanmar” အဆင့်မြင့်ညီလာခံပွဲမှစ၍ကူညီဆောင်ရွက်ပေးခဲ့သည့် UNICEF Country Office မှ တာဝန်ရှိသူများနှင့် UNICEF Executive Director၊ Ms. Hennetta H. Fore တို့ကိုကျေးဇူးတင်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များမှလည်းဝိုင်းဝန်းပံ့ပိုးပေးနိုင်ရန်အတွက် မျှော်လင့်ပါကြောင်း၊ယခုအဆင့်မြင့်ဖိုရမ်၏ ဆွေးနွေးချက်များသည်မြန်မာကလေးငယ်များအတွက် MSDP ပါ မဟာဗျူဟာလုပ်ငန်းစဉ်တွေနှင့်ချိန်ညှိပြီးထိရောက်၍ အကျိုးရှိသည့် အစီအစဉ်များ၊ စီမံချက်များပေါ်ပေါက်လာမည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းနှင့် UNICEF Executive Director ၊Ms Henrietta H. Foreတို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ထို့နောက် “မြန်မာနိုင်ငံ၏ကလေးတိုင်းအတွက်ဖွံ့ဖြိုးမှုမျှော်မှန်းချက်ပြည့်မီရေး”Realizing Myanmar’s Development Vision for Every Child ခေါင်းစဉ်ဖြင့် Video Clip ပြသခဲ့ပါသည်။

ဆက်လက်၍ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်၍“ကလေးတိုင်းအတွက် တိုးတက်မှုများရရှိအောင်အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးအတွက်မူဝါဒဆိုင်ရာသုံးသပ်ချက်များအပေါ် ရှု့ထောင့်အမြင်”Aperspective on the policy recommendations that have accelerate progress for every childခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့ရာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော် မှ“ကလေးတိုင်းအတွက် ဘဝကိုအကောင်းဆုံးနည်းလမ်းဖြင့် စတင်နိုင်အောင်ဆောင်ရွက်ပေးရေး”Ensuring the best start in life for every child ခေါင်းစဉ်ဖြင့်လည်းကောင်း၊ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းမှ“ကလေးတိုင်းအတွက်အရည်အသွေးမီပညာသင်ကြားခွင့်ရရှိစေရေး” Meeting the right to quality education for every child”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးမှ “ကလေးများ၏ဆင်းရဲမှုနှင့် သဘာဝဘေးအန္တရာယ်များကျရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချပေးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ပေးရေး”Reducing child vulnerabilities to poverty and external shocks: social protection, disaster risk reduction, preparednessခေါင်းစဉ်ဖြင့်လည်းကောင်း၊ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ရဲမှူးကြီးဦးသက်နောင် “ကလေးများအားအကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့်ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးရေး” Protecting children against violence, abuse, trafficking and exploitationခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်မှ“ထိရောက်သောစီမံချက်များဖြစ်စေရေးနှင့် ရန်ပုံငွေခွဲဝေချထားပေးရေး” Evidence and budgets as catalytic factors ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်၍ “တိုးတက်မှုများရရှိအောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သည့် တွန်းအားပေးဆွေးနွေးမှုနှင့် မိတ်ဖက်ပြုပူးပေါင်းမှုများ”Advocacy and partnerships needed to accelerate progress”ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့ရာအမျိုးသားလွှတ်တော်၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာလုပ်ငန်းကော်မတီမှဒေါက်တာတင်တင်ဝင်း၊မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှဦးကျော်ကျော်မင်းထွဋ်၊မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှအလုပ်အမှုဆောင်ဒေါ်လှလှမျိုးနှင့် GAVI Vaccine Alliance ၏ အမှုဆောင်အရာရှိချုပ် Dr. Seth Berkleyမှ “နိုင်ငံတကာမိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုများမှရရှိမည့်အကျိုးကျေးဇူးများ”Benefiting from International Partnershipsခေါင်းစဉ်ဖြင့်လည်းကောင်း၊ခေတ္တကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr. Knut Ostbyမှ “ကလေးများအတွက်ရင်းနှီးမြှုပ်နှံမှုတွင် UN၏အခန်းကဏ္ဍနှင့် ပါဝင်ကူညီမှုများ” The UN’s Role and Contribution to Invest in Children ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် UNICEF Representative၊ Ms. June Kunugiနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဆက်အောင်တို့ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ ဖိုရမ်သည် မြန်မာနိုင်ငံရှိကလေးများအတွက် ၂၀၁၆ခုနှစ်မှစတင်၍ ရရှိထားသောအဓိကတိုးတက်မှုရလဒ်များကိုဖော်ထုတ်ရန်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Development Plan - MSDP) မဟာဗျူဟာများနှင့် ကိုက်ညီမှုရှိ/မရှိသုံးသပ်ဆွေးနွေးရန်၊ MSDPနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ်စီမံကိန်းများကိုအကောင်အထည်ဖော်မှုသည် ကမ္ဘာလုံးဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)သဘောတရားနှင့်အညီမြန်မာနိုင်ငံရှိကလေးတိုင်းဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည့် နယ်ပယ်များကိုသတ်မှတ်ဖော်ထုတ်ရန် ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီများမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းမှ ကလေးသူငယ်ဆိုင်ရာကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင်စုစုပေါင်း(၁၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ (သတင်းစဉ်)

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်

, , ,