စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းသည် (၈.၉.၂၀၁၈ နှင့် ၉.၉.၂၀၁၈) ရက်များအတွင်း အကောက်ခွန်ဦးစီးဌာန၏ကုန်သေတ္တာလုံခြုံမှု၊ သတ္တုချိပ်စည်းများ ဝယ်ယူမှု တင်ဒါဖွင့်ပွဲအခမ်းအနားနှင့် ရန်ကုန်စတော့အိတ်ချိန်းပြပွဲ (၂၀၁၈) ဖွင့်ပွဲအခမ်းအနား

စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် စက်တင်ဘာလ  ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ဦးစီးဌာန၌ ကျင်းပပြုလုပ်သော ကုန်သေတ္တာလုံခြုံမှု၊ သတ္တုချိပ်စည်းများဝယ်ယူမှု တင်ဒါဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြီးကြပ် ဆောင်ရွက်ပေးပြီး ဌာနအကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားခဲ့ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ရုံးသို့ ရောက်ရှိ၍ (၈) ကြိမ်မြောက်ကော်မရှင်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်း ဆိုင်ရာများမှာကြားသည်။ ဆက်လက်၍ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ ပေးနေသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကျွမ်းကျင်သူနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) သို့ ရောက်ရှိရာ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ဌာနခွဲအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကိုရှင်းလင်းတင်ပြကြပါသည်။ ဒုတိယဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ရုံးတွင်းရုံးပြင် သန့်ရှင်းသပ်ရပ်ခေတ်မှီစေရန် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ပါသည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်စတော့အိပ်ချိန်းပြပွဲ (၂၀၁၈) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့့််သောင်းနှင့် ဌာနအကြီးအကဲများ၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး ဝန်ကြီး  မစ္စတာအိုချီနှင့် ဂျပန်စတော့အိပ်ချိန်းအဖွဲ့၊ ဒိုင်ဝါ security တို့မှ တာ၀န်ရှိသူများ၊ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် သံရုံးအဖွဲ့ဝင်များ အပါအဝင် ပရိတ်သတ် (၅၀၀) ဦးခန့် တက်ရောက်ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။(သတင်းစဉ်)

နေပြည်တော်၊ စက်တင်ဘာလ (၁၀) ရက်